အမြွှာကိုယ်ဝန်ဆောင်ထားရတာဆိုရင် ဘာတွေ ဂရုစိုက်ရမလဲ
ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်းကတော့ ထိခိုက်မှုကင်းပြီး ကျန်းမာနဲ့ ကိုယ်ဝန်ဆောင်ကာကို လိုချင်တတ်ကြပါတယ်။ ရင်သွေးလေးကိုလည်း ကျန်းကျန်းမာမာ မွေးဖွားချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလတိုင်းက ဘေးကင်းဖို့ဆိုတာ လွယ်တော့ မလွယ်လှပါဘူး။ အထူးသဖြင့် အမြွှာကိုယ်ဝန်ဆောင်ထားရင်ပါ။ အစစအရာရာကို သေချာ ဂရုစိုက်နိုင်မှာ အထိအခိုက် ကင်းတဲ့ ကိုယ်ဝန်ဆောင်ကာလကို ပိုင်ဆိုင်နိုင်မှာပါ။
တစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတာထက် အမြွှာလေးတွေကို ကိုယ်ဝန်ဆောင်ထားရတာက ပိုပြီး ခက်ခဲပင်ပန်းသလို အစအစအရာရာကိုလည်း ပိုပြီး ဂရုစိုက်ဖို့လိုမယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ဘေးကင်းစိတ်ချရတဲ့ အမြွှာကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်စေချင်ပါတယ်။
အမြွှာလေးတို့ မေမေကျန်းမာစေဖို့
အမြွှာကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ရင်သွေးလေးတွေပါ ကျန်းမာစေဖို့
· အာဟာရပြည့်ဝအောင်စားပါ
ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံက ကိုယ်ဝန်ဆောင်မိခင်ရော ရင်သွေးလေးတွေကိုပါ ကျန်းမာစေနိုင်ပါတယ်။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ အသားငါး၊ အသီးအရွက်၊ နှံစားသီးနှံစတာတွေကို ပြည့်ဝမျှတစွာ ပါဝင်အောင် စားသုံးပေးပါ။
· ရေများများ သောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ရင်သွေးလေးတွေပါ ကျန်းမာစေဖို့အတွက် ရေများများ သောက်ပေးဖို့ လိုပါမယ်။ ရေဓာတ်ပြည့်ဝမှုက ကိုယ်ခံအား ကောင်းစေသလို သွေးစီးဆင်းလည်ပတ်မှုကိုလည်း ကောင်းမွန်စေမှာပါ။
· လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါတွေ ကင်းစေဖို့ အဝမလွန်စေဖို့နဲ့ စိတ်ဓာတ်ကျတာကို သက်သာစေဖို့ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ ယောဂလေ့ကျင့်တာ လမ်းလျှောက်တာ ရေကူးတာတွေက အကောင်းဆုံး ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်းတွေပေါ့။
· စိတ်ဖိစီးမှု ကင်းအောင်နေပါ
ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာက မေမေ့ကျန်းမာရေးကိုရော ရင်သွေးလေးတွေရဲ့ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သီချင်းနားထောင်တာ၊ တရားထိုင်တာတွေ လုပ်ပေးပြီး စိတ်ဖိစီးမှု ကင်းအောင် နေပါ။ စိတ်ဖိစီးမှု ကင်းတာက အမြွှာကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ လမစေ့ဘဲ မီးဖွားတာ၊ ပေါင်မပြည့်ဘဲ မီးဖွားတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
· အနားယူပါ
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ရင်သွေးလေးတွေပါ ကျန်းမာစေဖို့ မေ့ထားလို့ မရတဲ့ အချက် တစ်ခုက ပြည့်ပြည့်ဝဝ အနားယူတာပါ။ ပြည့်ပြည့်ဝဝ အနားယူတာက ဗိုက်ထဲက ရင်သွေးလေးတွေကို ကြီးထွားဖွံ့ဖြိုးစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးစိန်ခေါ်မှုတွေကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။
· အရက်ရှောင်ပါ
အမြွှာလေးတွေရဲ့ မေမေတွေမှ မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တိုင်းက မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို မသောက်ဖို့ လိုပါမယ်။ အရက်သောက်တာက ကလေးကို မွေးရာပါချို့ယွင်းချက်တွေ ဖြစ်စေနိုင်ပါတယ်။
· ဆေးလိပ် နဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့
ဆေးလိပ်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့က လူတိုင်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ရင်သွေးလေးတွေမှာ ပိုပြီး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးဖြစ်စေဖို့ဆိုရင် ကိုယ်တိုင် ဆေးလိပ်ကို ရှောင်ဖို့ လိုသလို တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုလည်း ရှောင်ဖို့ လိုပါမယ်။
· ဖြည့်စွက်အာဟာရ မှီဝဲပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးလေးတွေရော မေမေကိုယ်တိုင်ပါ အာဟာရပြည့်ဝစေဖို့အတွက် ဖောလစ်အက်ဆစ်နဲ့ သံဓာတ်အားဖြည့်ဆေးလိုမျိုး လိုအပ်တဲ့ ကိုယ်ဝန်ဆောင် ဖြည့်စွက်အဟာရတွေကို မှီဝဲဖို့ လိုပါမယ်။ ဒါမှ ကလေးတွေရော မိခင်ပါ ကျန်းမာမှာပါ။
အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို ဂရုစိုက်ပြီး ကျန်းမာတဲ့ အမြွှာလေးတွေကို မွေးဖွားနိုင်ကြပါစေကြောင်း
ရေးသားသူ - မွန်မွန်